ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွါးရေးဇုံအကောင်အထည်ဖော်နိုင်ရေးအတွက် အီတာလျံထိုင်းဖွံ့ဖြိုးမှု
ကုမ္ပဏီ(ITD)အစား ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ဆောင်ရွက်နိုင်မည့် ဦးပိုင်ကုမ္ပဏီသစ်တစ်ခုဆောင်ရွက်နိုင်ရန်
မြန်မာနိုင်ငံက ကြိုးပမ်းလျက်ရှိသည်။
''
ထားဝယ်စီမံကိန်း ကြန့်ကြာနေခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက စိုးရိမ်လျက်ရှိပြီး
အဆိုပါစီမံကိန်းလုပ်ပိုင်ဆောင်ရွက်ခွင့်ကို ဦးပိုင်ကုမ္ပဏီသစ်တစ်ခုဖြင့်
လွှဲပြောင်းဆောင်ရွက်နိုင်ရန်လည်း ဆန္ဒရှိနေသည်'' ဟု ထိုင်းအမျိုးသားစီပွါးရေးနှင့်
လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့မှ အတွင်းရေးမှူးချုပ် Arkhom Termpittayapaisith က
ပြောကြားသည်။
ဦးပိုင်ကုမ္ပဏီသစ်ကို
ထိုင်းအစိုးရပိုင်လုပ်ငန်း၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအဖွဲ့၊
မြန်မာအစိုးရနှင့် အီတာလျံ ထိုင်းဖွံ့ဖြိုးမှုကုမ္ပဏီ(ITD)တို့ ပူးပေါင်းကာ
ဖွဲ့စည်းဆောင်ရွက်ဖွယ်ရှိသည်ဟုလည်း Arkhom က ပြောကြား သည်။ အဆိုပါ ဖက်စပ်ကုမ္ပဏီသည်
ထားဝယ်စီမံကိန်းအကောင်အထည်ဖော်ရာတွင် ယုံကြည်မှုများ ရှိစေမည် ဖြစ်သည်။
သို့သော်လည်း မြန်မာနှင့် ထိုင်းနိုင်ငံအကြား ကွဲလွဲမှုအချို့ရှိနေသည်။
စုပေါင်းဖွဲ့စည်းထားသည့်
အရေးပါသည့်ဦးပိုင်ကုမ္ပဏီတစ်ခုတည်းအနေဖြင့် စီမံကိန်းကြီးတွင်ပါရှိသည့်
အစိတ်အပိုင်းများအားလုံးတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ထိုင်းနိုင်ငံဘက်က
လိုလားပြီး မြန်မာနိုင်ငံက စီမံကိန်းအစိတ်အပိုင်းများတွင် ကုမ္ပဏီများက
သီးခြားစီရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်စေလိုသည်။
မြန်မာနိုင်ငံအနေဖြင့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ ပြည့်စုံကောင်းမွန်စေရန် ထိုင်းနိုင်ငံက
အဆိုပြုပြောဆို ထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိဥပဒေများအရ စီမံကိန်းများအတွက်
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအခွင့်အလမ်း များမှာ ဆွဲဆောင်မှုနည်းပါးနေသေးကာ
ဦးပိုင်ကုမ္ပဏီသစ်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ
ရင်းနှီးမြှုပ်နှံငွေများ တိုးမြှင့်နိုင်ရန် အခက်အခဲရှိနိုင်သည်ဟု Akhom က
ပြောကြားသည်။
စီမံကိန်းကြီးအတွက်
ရင်းနှီးမြှုပ်နှံမှုခန့်မှန်းကုန်ကျငွေမှာ လွန်ခဲ့သည့် ၂နှစ်တွင် ITD က တွက်ချက်ခဲ့ရာ
ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုခန့်မှန်းကုန်ကျငွေကို ပြန်လည်တွက်ချက်ရန်လိုအပ်ပေသည်။
ထားဝယ်အထူးစီးပွါးရေးဇုံ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းနှင့်ဆက်စပ်သည့်စီမံကိန်းများအတွက် မြန်မာ- ထိုင်း
အဆင့်မြင့်ကော်မတီအစည်းအဝေးကို လာမည့်လ၌ ထိုင်းနိုင်ငံတွင် ကျင်းပမည်ဖြစ်ကာ
မတ်လတွင် မြန်မာနိုင်ငံ ၌ ကျင်းပမည်ဖြစ်သည်။
ဈေးကွက်တန်ဖိုးအရ ITD
ကုမ္ပဏီသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး ထားဝယ်
ရေနက်စီမံကိန်းနှင့် ထားဝယ်အထူးစီးပွါးရေးဇုံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
၇၅နှစ်အထိ လုပ်ကိုင်ခွင့်ရရှိ ထားသည်။
ဆိပ်ကမ်းနှင့်လမ်းများအပါအ၀င်
ပထမအဆင့် အခြေခံအဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
(၈.၅)ဘီလီယံ လိုအပ်ပေသည်။ ရေနံချက်စက်ရုံများနှင့် စတီးစက်ရုံများကဲ့သို့ အကြီးစား
စက်မှုလုပ်ငန်းအစီအစဉ်များပါ ထည့်သွင်းတွက်ချက်ပါက အမေရိကန်ဒေါ်လာ (၅၀)ဘီလီယံအထိ
ကုန်ကျ မည်ဖြစ်သည်။
ITD
ကုမ္ပဏီလက်ခွဲဖြစ်သည့် ထားဝယ်ဖွံ့ဖြိုးမှုကုမ္ပဏီ(DDC)၏ မန်းနေးဂျင်းဒါရိုက်တာ
Somchet Thinaphong က နောက်ထပ်ဝင်ရောက်လာမည့် မိတ်ဖက်ရင်းနှီးမြှုပ်နှံသူများအား
ကြိုဆိုပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများလေ စီမံကိန်းအတွက် ပိုကောင်းလေဖြစ်ကြောင်း
ပြောကြားသည်။
ထားဝယ်စီမံကိန်းတွင်
ရင်းနှီးမြှုပ်နှံရန်အတွက် ထိုင်းအစိုးရက ထိုင်းအစိုးရလုပ်ငန်းများနှင့်
ဂျပန်အပါအ၀င် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို
မေးမြန်းတိုက်တွန်းလျက်ရှိသည်ဟု ထားဝယ်ဖွံ့ဖြိုးမှုကုမ္ပဏီ(DDC)၏ ၀ါရင့်
အကြံပေးပုဂ္ဂိုလ် ခီဝါမူဟွန်ဒါက ပြောကြားသည်။
ထားဝယ်စီမံကိန်းတွင်
ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရေး
ထားဝယ်အထူးစီးပွါးရေးဇုံဥပဒေအား ပြန်လည်သုံးသပ်ပေးနိုင်ရန် ITD ၏
တောင်းဆိုထားမှုကို မြန်မာအစိုးရက သဘောတူထားသည်။ ထားဝယ် အထူးစီးပွါးရေးဇုံဥပဒေမှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်မတိုင်မီ လွန်ခဲ့သည့်နှစ်က
ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုနည်းကြောင်းကို
မစ္စတာ ဟွန်ဒါက ပြောကြားသည်။
ဘိုစိန်
Source; Bkk post
No comments:
Post a Comment